“တောက်!”
ပတေးမှာ ယခုထိ တနံနုံနှင့် အခဲမကျေနိုင်သေးပေ။ကိုယ့်ကိုကိုယ်လည်း ခံပြင်းဒေါသထွက်နေဆဲ။ ဒိုင်ဂျင်စမ်းကတည်းက ဂျင်သီးကျသံကို စားပွဲခုံနှင့်နားကပ်ကာ အသေအချာ နားထောင်ထားသလို
ဂျင်ဝိုင်းစပြီဆိုတော့လည်း လမ်းသမားပီပီ (ထွက်ပြီးသားလမ်းကြောင်း အစဉ်အလာအတိုင်း တွက်ထိုးသည့်ထိုးသားကို လေးကောင်ဂျင်တွင် လမ်းသမား ဟုခေါ်ကြသည်)ပေါက်ကောင်များကို စာရွက်တစ်ရွက်နှင့် သူသေသေချာချာ မှတ်သားခဲ့သည်။
သူ့ ကလင်ဒါအတိုင်း ကြက် ၊ ဖား ၊ ကြက် ၊ ၀က် ၊ ၀က် ၊ မြွေ ၊ ဖား ၊ ဖား ၊ ကြက် ၊ ၀က်…..။ဆယ်ကြိမ်တိတိ သူမှတ်ထားသည့်အတိုင်း…။ ၁၁ကြိမ်မြောက်တွင်တော့ ပတေးတစ်ယောက် အပိုင်ပုံအောပစ်လိုက်တော့သည်။
မကျိန်းသေမည်စိုးသောကြောင့် ဂျင်သီးကျသံကို အောက်ခံကြွေပန်းကန်အနားထိကပ်ကာ အားစိုက်နားထောင်ကြည့်၏။အသံက တစ်ခြားပေါက်ကောင်အသံများနှင့်အတူ။ ပိုကျယ်နေသလို ခံစားရသည်။
ပတေးမျက်နှာမှာ ၀င်းကနဲ ဖြစ်သွား၏။သေချာသွားပြီ…။ကြွေပန်းကန်ပေါ် အရှိန်ကုန်ရပ်သွားတဲ့ ဂျင်သီးအောက်ခံက ကြက်ဖြစ်မည်။ကြက်ရုပ်မှာ ထွင်းထားသည့် ကောက်ကြောင်းက တခြား မြွေ..ဖား..၀က်တို့ထက် ပိုများသည် မဟုတ်လား။ကြက်ရုပ်နှင့် မျက်နှာခြင်းဆိုင်ဘက်မှာ ရှိတာက မြွေ….။
ပတေး သိပ်ကြာကြာ စဉ်းစားမနေတော့ပေ။ရှိသမျှ ပိုက်ဆံအကုန်လုံးကို မြွေရုပ်ပေါ် ပစ်ထိုးချကာ ဒိုင်ယွန်းအုပ်ဖွင့်မည်ကို လက်ပိုက် ကြည့်နေလိုက်၏။တဗြစ်တောက်တောက်ပြောတတ်လွန်းသော ဇနီးသည်ကိုပင် စိတ်ကူးထဲတွင် ပိုက်ဆံတွေ အထပ်လိုက် ပစ်ပေးမိလိုက်သေး..။
“ထွီ!”
ခြေဦးတည့်ရာ လျောက်သွားနေရာမှ ပတေးတစ်ယောက် ညနေက ဂျင်ဝိုင်းကို ပြန်စဉ်းစားမိရင်း တံတွေးကို ထွီကနဲမြည်အောင် ထွေးလိုက်သည်။
ယခု သူ့တွင် ခြူးတပြားမှ မကျန်တော့…။ဝက်နှင့်မြွေ တစ်ခုခုဆိုတာ သိသိကြီးနှင့် မျှ မထိုးဘဲ သူမိုက်လုံးကြီးခဲ့သည့် အကျိုးဆက်ပင်..။
အခ်ျိန်မှာလည်း အလင်းရောင်ပင် ပျောက်ကာ မှောင်စပြုလာပြီ။တနေရာရာမှ ပိုက်ဆံဆွဲရသည်ဆိုဦးတော့ ဂျင်ဝိုင်းမှာ သိမ်းလောက်ပြီ..။အိမ်အပြန်ပိုက်ဆံပါသွားမှ ဖြစ်မည်။မနက်ဖြန် သားဖြစ်သူ ဘော်ဒါဆောင် လခသွင်းရမည်။
ဘာလုပ်ရမလဲ….?ဘာလုပ်ရမလဲ…?
ရုတ်တရက် ပတေးခေါင်းထဲတွင် အကြံတစ်ခု လျှပ်စီးလက်သလို ဖျပ်ကနဲ ပေါ်လာသည်။
ဟုတ်တယ်..။ဟိုဘက်ရပ်ကွက်မှာ အသုဘရှိတာပဲ..။ဖဲဝိုင်းမှာ အကောက်ကောက်ပေးသလိုဘာလိုလိုနဲ့ မသိမသာဝင်ထိုးလို့ ရတာပဲ။
ထိုစိတ်ကူးကြောင့် ပတေးတစ်ယောက် ပျော်သလိုလိုပင် ဖြစ်သွားမိ၏။မတတ်နိုင်တော့ပေ။သည်အခြေအနေတွင် သူမျော်လင့်လို့ရတာ ဒါအကုန်ပင် မဟုတ်လား …။
ခြေလှမ်းတွေကို အသုဘရှိရာ ရပ်ကွက်ဘက်သို့ ချက်ချင်း ဦးတည်လိုက်သည်။အညာဒေသဖြစ်သောကြောင့် လူနေအိမ်များမှ ထွက်ပေါ်နေသော မီးရောင် ဖြိုးဖြိုပ်းဖျပ်ဖျပ်လေးများကိုပင် လမ်းဘေးဝဲယာတလျှောက်ရှိ မကျည်းပင် ထနောင်းပင်များမှ စုပ်ယူကွယ်ဝှက်လားကြလေ၏။
ပတေးမှာ ဇောဖြင့်သာ ခပ်သုတ်သုတ်လျောက်လာရသည်။လမ်းကို ကောင်းကောင်းမြင်ရသည် မဟုတ်..။ပိုဆိုးသည်က အသုဘရှိရာ အောင်ချမ်းသာ ရပ်ကွပ်မှာ လျှပ်စစ်မီးမရှိ။လမ်းမီးဓါတ်တိုင်ဆိုသည်မှာ ဝေလာဝေး…။
အသုဘအိမ်မှ ထင်သည်။အသံချဲ့စက်မှ တရားခွေဖွင့်သံကို သဲ့သဲ့လေး ကြားရသည်။
ပတေးတစ်ယောက် ခြေလှမ်းကို အရှိန်မြင့်လိုက်၏။ထိုအချိန်မှာပင်…
“ဟင်!”
လမ်းညာဘက် မကျည်းပင်ကြီးအောက်တွင် လူတစ်ယောက်…။လက်နှစ်ဖက်စလုံး တွဲလောင်းချ၍ သူ့အား အမှောင်ထဲမှ စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ရုတ်တရက်မို့ သရဲမကြောက်တတ်သော ပတေးပင် ခြေလှမ်းတုန့်ကနဲ ဖြစ်သွား၏။
လူလား ….မကောင်းဆိုးဝါး သရဲတစ္ဆေလား..?
လူပြတ်သည့်နေရာဖြစ်သည့်အတွက် ပတေး ဇောချွေး ပျံစပြုလာပြီ..။ဘာဆိုတာလည်း ကွဲကွဲပြားပြားသိချင်မိသေး…။ထိုအတွက့်ကြောင့် ပတေးက ဆုံးဖြတ်ချက် တစ်ခုချလိုက်၏။
စီးလာသော ဖိနပ်တစ်ဖက်ကို အသာကုန်းချွတ် လိုက်သည်။မျက်စိကတော့ မကျည်းပင်အောက်ကို မလွတ်တမ်းကြည့်နေလျက်။ထို့နောက် ဖိနပ်ကို မကျည်းပင်အောက်သို့ အားကုန်လှမ်းပေါက်လိုက်တော့သည်။
ရုတ်ချည်းဆိုသလို မကျည်းပင်အောက်တွင် မည်သည့်အရာမှ မရှိတော့ပေ။ပတေးတစ်ယောက် စဉ်းစားရခက်သွားသည်။တွေတွေဝေေ၀နှင့်ပင်
ပတေးတစ်ယောက် သူ့ဖိနပ်ကောက်ရန် မကျည်းပင်အောက် လျောက်လာသည်။ပြီးနောက် မကျည်းပင်တစ်ဝိုက် မျက်စိဝေ့ ကြည့်လိုက်၏။မည်သည့်အရိပ်အယောင်မျှ မတွေ့ရပေ။
ထိုမြင်ကွင်းကြောင့် ပတေး ကိုယ်ခန္တာထဲမှ ကြောက်စိတ်တို့မှာ လွင့်စင်ပျောက်ကွယ်သွားလေသည်။အခုမှ ပုံမှန်သတ္တိပြန်ရလာသည့်အတွက် ပတေးက….
“သရဲ မကလို့ သရဲအဖေလာလည်း ပတေးကွ…..ဘာထင်နေလဲ….”
ပတေးကျုံးဝါးသံပင် မဆုံးလိုက်ပေ။နောက်မှ လက်အေးကြီးတစ်ဖက်က သူ့ပခုံးအား ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်လေသည်။
“အား!!”
ပတေးတစ်ယောက် သိစိတ်လွတ်ကာ လိပ်ပြာလွင့်မတတ်ထအော်လိုက်သည်။ထိုအော်သံနှင့်အတူ နောက်သို့ ကြောက်ရွံတုန်လှုပ်စွာ ချာကနဲလှည့်ကြည့်လိုက်၏။
“ဟင်!”
သူဘယ်လိုမှ မမျော်လင့်ထားသည့် မျက်နှာတစ်ခု..။ထိုမျက်နှာပိုင်ရှင်က တဟားဟားရယ်မောရင်း…..
“ပတေးရယ် …ငါပါ …လှမြင့်ပါကွ။မင်းကို ငါ အဝေးကြီးကတည်းက လှမ်းမြင်တယ်။အဲဒါကြောင့် ငါမင်းကို စမလို့ မကျည်းပင်အောက်မှာ စောင့်နေတာကွ..”
ပတေးက ရှက်ရှက်နှင့် လှမြင့်ကို လိမ့်ဆဲပစ်လိုက်တော့သည်။လှမြင့်မှာ ကမ်းရိုးတန်းသွားသင်္ဘောမှ စက်ပြင်ဆရာ…။တခါတလေမှ ဇာတိသို့ ပြန်ပြန်လာတတ်သည်။
“–ီး…ငါ့မှာ လန့်သွားတာပဲ လှမြင့်ရာ။မင်းက ငယ်ငယ်ကအတိုင်း အစအနောက်က သန်တုန်း”
“မင်းလည်း ဘာထူးလို့တုန်း ပတေးရာ…။သရဲခြောက်ပြပါတယ်ဆိုနေမှ ထွက်မပြေးဘဲ ငါ့ကို ဖိနပ်နဲ့တောင် လှမ်းပေါက်လိုက်သေး…။တကယ့်ကောင်ပဲ…ဒါနဲ့ မင်းက သုတ်သုတ်နဲ့ဘယ်သွားမလို့တုန်းကွ”
လှမြင့်က ရယ်ရယ်မောမောနှင့် ပတေးပခုံးကို လှမ်းဖက်လိုက်၏။ပတေးက နဖူးမှ ချွေးစတို့ကို လက်ခုံဖြင့် သုတ်လိုက်သည်။ပြီးမှ သက်ပြင်းကို ချကာ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့သည်။တဆက်တည်းဆိုသလိုလည်း….
“အဲဒါ ငါငွေလိုနေလို့ကွာ …မင်းမှာပါရင် ငါ့ကို ငွေနည်းနည်း ချေးခဲ့ကွာ”ဟုပြောလိုက်၏။
အမှန်တော့ ပတေးနှင့်လှမြင့်မှာ အရမ်းရင်းနှီးကြသည့် သူငယ်ချင်းတွေတော့မဟုတ်။အလယ်တန်းတုန်းက ကျူရှင် အတူတူတက်ဖူးတာသာ ရှိသည်။ဒါတောင် လပိုင်းမျှသာ…။အသက်တွေကြီးလာပြီး လမ်းမှာတွေ့လျှင် လူမူရေးအရ ပြုံးပြနှူတ်ဆက်ရုံလောက်ထက်မပို..။
သို့သော် ပတေးမှာ ယခုလို အချိန်တွင် ဘာဘာညာညာ နားမလည်..။အရေးကြီးသည်မှာ ဖဲကစားဖို့ ပိုက်ဆံရရန်သာ ဖြစ်သည်။ဂုဏ်သိက္ခာတွေ..အရှက်တရားတွေ ခေါင်းထဲတွင် မရှိ။
သည်တစ်ခါ သက်ပြင်းချလိုက်သူက လှမြင့်ဖြစ်သွားရလေ၏။
“ငါ့မှာ အများကြီးတော့ မပါဘူးဘွ..ဒီလိုလုပ် ပါသလောက်ကို တ၀က်ခွဲယူထားလိုက်လေ..ဖြစ်တယ်မလား ပတေး”
လှမြင့်မှာလည်း စနောက်မိပြီးသားဖြစ်သည့်အတွက် အားနာပြီး ချေးရသည့် ပုံစံမျိုးး မျက်နှာအမူအရာက..။
တပြားမှ မရှိတာထက်စာလျှင်တော့ တော်သေးသည်ဆိုပြီး ပတေးက အလျင်အမြန်ပင် သဘောတူခေါင်းညိတ်လိုက်၏။လှမြင့်က တစ်ထောင်တန်ငွေစက္ကူတချို့ လှမ်းပေးလိုက်၏။ပတေးက် လှမ်းယူရင်း…
“ကျေးဇူးပါပဲ သူငယ်ချင်းရာ….ငါဖဲနိုင်ရင် ဆက်ဆက် ပြန်ဆပ်ပါ့မယ်..မင်းငွေကို..။အခုတော့ သွားလိုက်ဦးမယ်ကွာ”
ပတေးမှာ ဟန်ပင်မဆောင်နိုင်..။ငွေရသည်နှင့် ချက်ချင်း နှူတ်ဆက်စကားပြောလိုက်သည်။
“အေး..အေး…သွား သူငယ်ချင်း…”
ပတေးနှင့် လှမြင့်မှာ မကျည်းပင်အောက်တွင် လမ်းခွဲလိုက်ကြသည်။အလျင်စလိုထွက်သွားသော ပတေးနောက်ကျောကို သဘောကျစွာကြည့်ရင်း လှမြင့်က လှမ်းအော်ပြောလိုက်သည်။
“ဟေ့ကောင်…ပတေး…ဖဲနိုင်အောက် ရိုက်ခဲ့နော်”
ပတေးတစ်ယောက် လှည့်ပင် မကြည့်။ခပ်သုတ်သုတ်လျောက်နေရင်းမှပင်
“အေး..အေး..သူငယ်ချင်း”
ဟု ပြောရင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

အသုဘအိမ်ရှိရာ ခြံဝန်းထဲတွင်တော့ ဟိုတစ်စု သည်တစ်စုဖြင့် လူစည်ကားနေသည်။ခြံစည်းရိုးအပြင်ဘက်တွင်တော့ အသုဘအခေါင်းကို မတွေ့ရ။အညာထုံးစံမှာ ခြံစည်းရိုးအပြင်ဘက်တွင် လေးတိုင်စင်ဖြင့် အသုဘအခေါင်း ချထားလေ့ရှိသည်။
ဒါ ငါအလုပ်မဟုတ်ပါဘူးလေ…သေတာတောင် ဘယ်သူမှန်း သိတာမဟုတ်ဘူး..။အရေးကြီးတာက ငါဖဲနိုင်ဖို့ပဲ..။ပတေးမှာ ကျန်တာတွေ မစဉ်းစားနိုင်အားပေ။အသုဘအိမ်ခြံဝန်းအတွင်းဝင်လာရင်း အကဲခပ်ကြည့်လိုက်၏။
အပျော်တမ်းဆော့နေကြသော လူငယ်ဝိုင်း နှစ်ဝိုင်းသုံးဝိုင်းလောက်နှင့် လူကြီးဝိုင်းတစ်ဝိုင်း..။လူကြီးဝိုင်းက ကြေးကြီးလောက်သည်။ပတေးက လူကြီးဝိုင်းရှိသည့် ကုလားဖျင်းတဲရှိရာ ဘက်သို့ သွားရန်ခြေလှမ်းပြင်လိုက်စဉ်ပင်…
“သားလေးအဖြစ်က ဆိုးပါတယ်ကွယ်… အဟင့်…. အဟင့်…”
တရုံ့ရူံ့ရှိုက်ငိုရင်းပြောနေသောစကားသံကြောင့် ပတေးက လှည့်ကြည့်လိုက်၏။အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး လောက်အမျိုးသမီးကြီးတစ်ယောက်…။ကွတ်ပျစ်ပေါ်တွင် ထိုင်ကာ နာရေးသတင်းလာမေးနေသော သက်တူရွယ်တူ အမျိုးသမီးကြီးကို ပြောပြနေလေသည်။
ပတေး အကြံရသွားသည်။ဖဲဝိုင်းသို့ မသွားသေးဘဲ အသုဘရှင်ဖြစ်ဟန်တူသော ထိုအမျိုးသမီးကြီးရှိရာ အရင်လှမ်းလာလိုက်သည်။ဟုတ်တယ်လေ…နာရေးရှင်ကို နာရေးသတင်းလေးဘာလေးမေး..၊နှစ်သိမ့်နဲ့ ၀င်ရောလိုက်ရင် ရင်နှီးသွားမှာပဲ…။
အဲဒါဆို မတော် ငွေလိုလာရင် နည်းနည်း ပါးပါး ဆွဲလို့ရမည် မဟုတ်လား…။ထိုအကြံဖြင့် ပတေးက နာရေးရှင်အနားသို့လာကာ စိတ်မကောင်းဖြစ်သည့် မျက်နှာအမူအရာဖြင့်…..
“ဘယ်လိုဖြစ်ရတာတုန်း ..ကြီးမေရာ…..”
နာရေးအိမ်ဖြစ်သည့်အတွက်ကြောင့် သူစိမ်းတွေ သူကျတ်တွေ ခွဲခြားနေ၍ ရသည်မဟုတ်..။အမျိုးသမီးကြီးက ပူဆွေးသောကရောက်နေသည့် အသံဖြင့်ပင် တရူံ့ရူံ့ရှိုက်ငိုရင်း…
” အဖြစ်က ဒီလိုပါ….ရှင်”
………………………..
နိုင်ငံ
သည်ကနေ့ ဒေါ်တင်မေ မည်သို့ဖြစ်နေသည် မသိ။စိတ်တွေက အလိုလိုနေရင်း လေးလံနေသည်။
ဒုက္ခပါပဲ..ငါစိတ်တွေဘာလို့ လေးနေရတာလဲ…။ကိုစိန်သောင်းများ…..ဘုရား..ဘုရား….။ဒေါ်တင်မေမှာ ပြီးဆုံးအောင်ပင် ဆက်မတွေးဝံ…။ခင်ပွန်းသည်ဖြစ်သူဦးစိန်သောင်းမှာ အပြင်းဖျားနေသည်မဟုတ်လား..။
မီးဖိုချောင်ထဲတွင် ရေနွေးအိုးတည်နေရာမှ ဒေါ်တင်မေက ခင်ပွန်းသည်ရှိရာဆီ စိတ်ပူပန်ပြီး ထလာလိုက်သည်။
အိမ်ရှေ့ခန်းရှိ ကုတင်လေးပေါ်တွင် ဦးစိန်သောင်းမှာ တဟင်းဟင်းနှင့် အဖျားတက်နေရှာလေ၏။ဒေါ်တင်မေက စောင်ကို လည်ပင်းနားထိ ဆွဲယူခြုံပေးရင်း….
“အငယ်ကောင် ဆေးသွားဝယ်နေပါတယ်..။ပြန်လာတော့မှာပါ ကိုစိန်သောင်းရယ်..။ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ”
ဦးစိန်သောင်းမှာ မေးရိုက်အောင် ချမ်းတုန်ပြီး အဖျားတတ်နေသည့်အတွက် စကားနှင့်ပင် ပြန်မဖြေနိုင်ရှာပေ။ခေါင်းသာ ဆတ်ပြ၏။ဒေါ်တင်မေက စိတ်ပူပန်မူတွေကို သက်ပြင်းအဖြစ်ပြောင်းလဲရင်း လမ်းမသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ဆေးသွားဝယ်သည့် သားအငယ်မှာ ယခုထက်ထိ ပြန်မလာသေးပေ။မဆီမဆိုင် မြို့မှာ အလုပ်လုပ်နေသည့် သားအကြီးကိုပင် ဒေါ်တင်မေခင်မျာမှာ လှမ်းသတိရလိုက်မိသေးသည်။
အငယ်ကောင် ညနေထဲက ဆေးသွားဝယ်တာ အခုမှောင်တောင်မှောင်နေပြီ ပြန်မရောက်သေးပါလား..ဘာများဖြစ်နေပါလိမ့်။ခါတိုင်း ဒီလောက်မကြာပါဘူး…။ဒေါ်တင်မေမှာ စိတ်မောစွာဖြင့် လမ်းမကို မျှော်ကြည့်နေစဉ်မှာပင်…
“ကလောင်..ကလောင်……..ကလောင်.ကလောင်…..ကလောင်..ကလောင်”
အိမ်တံခါးဝတွင်တပ်ဆင်ထားသော ခေါင်းလောင်းမှာ ကျယ်လောင်စွာ ရုတ်တရက်ဆိုသလို အဆက်မပြတ်မြည်လာသည်။
“ဟင်..ဘယ်သူပါလိမ့်..ခြံတံခါးလည်း မပိတ်ထားပါဘူး”
ဒေါ်တင်မေ စဉ်းစားရခက်သွားပြီး ခြံရှေ့သို့ အနားမှာရှိသည့် ဓါတ်မီးဖြင့် လှမ်းထိုးကြည့်လိုက်သည်။ မည်သူမျှ မရှိသလို ခြံတခါးလည်း ဖွင့်ထားလျက်ပင်..။
ထိုအချိန်မှာပင် တဟင်းဟင်း အဖျားတက်နေသော ဦးစိန်သောင်းက ကုတင်ပေါ်မှ ရုတ်တရက် ငေါက်ကနဲ ထထိုင်လာသည်။ပြီးနောက် ဒေါ်တင်မေကို စူးစူးရဲရဲစိုက်ကြည့်ကာ အသံနက်ကြီးဖြင့်…..
“အမေရေ!…အမေ!…သားသေသွားပြီဗျ..သားသေသွားပြီဗျ!!!!”
“ဟင်!”
ဒေါ်တင်မေတစ်ယောက် ကြားလိုက်ရသော အသံနက်ကြီးနှင့် အတူ ထူးဆန်းသော အဖြစ်အပျက်ကြောင့် ကြက်သေသေနေစဉ်မှာပင် သားအငယ်ဖြစ်သူမှာ ဒရောသောပါးဖြင့် အိမ်ပေါ်ပြေးတက်လာကာ မောကြီးပန်ကြီးအသံဖြင့်…..
“အမေရေ…ကိုကြီးလှမြင့် သင်္ဘောမှောက်လို့ ဆုံးပြီတဲ့ဗျ”
………………..
“ဟင်!”
ကြားလိုက်ရသောစကားကြောင့် ပတေးတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာ မြေကြီးတစ်ခုလုံး ကျွံဝင်ကျသွားသလိုခံစားလိုက်ရသည်။
အသံတွေပင် ထစ်ငေါ့သွားပြီး….
“ဒါ..ဒါဆို…သေသွားတာ လှမြင့်လား..ဒါ..သူ့အသုဘပေါ့..ဟုတ်လား”
နာရေးရှင် အမျိုးသမီးကြီးက မျက်ရည်စတို့ကို လက်ခုံဖြင့် သုတ်ရင်း ခေါင်းညိတ်ပြ၏။
“သားလေးအဖြစ်က ဆိုးပါတယ် ရှင်..။သူပြောနေကျစကားအတိုင်း..ငါသေရင် ငါ့ဝိညာဉ် ငါ့ရွာပြန်လိမ့်မယ်ဆိုတဲ့အတိုင်း…သူ့ဝိညာဉ်လေးပဲ ပြန်လာပြီး အဖေလုပ်တဲ့လူကို ပူးကပ်ပြောရှာတယ်။အမေကိုတော့…နောက်ဆုံးသူသေသွားတာတောင် အသိပေးရှာသား….အဟင့် ..အဟင့်..”
ပတေးမှာ ထိုစကားများကို နားထောင်နေရင်း လက်တစ်ဖက်က သူ့အလိုလို အကျီအိပ်ကပ်ကို တုန်တုန်ယင်ယင်ဖြင့် စမ်းလိုက်မိလျက်သား ဖြစ်သွား၏။
ရေစိုနေသော တစ်ထောင်တန်ငွေစက္ကူတို့၏အထိအတွေ့ကို သူရလိုက်သည်။ထိုအေးစက်မှုအထိအတွေ့က သူ့လက်ချောင်းသွေးကြောများမှတဆင့် နှလုံးအိမ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်..။ပတေးက နာရေးရှင်အမျိုးသမီးကြီးကို တစ်စုံတစ်ရာပြောရန် ပြင်လိုက်သည်။သို့သော် စကားသံထွက်မလာပေ။မျက်စိကသာ ခြံဝသို့ ရွေ့လျားသွားသည်။ခြံဝတွင်တော့ ၀မ်းနည်းရီဝေစွာ လှမ်းကြည့်နေသည့် လူတစ်ယောက်…။တိတိကျကျပြောရလျှင်..မကျည်းပင်အောက်တွင် တွေ့ခဲ့ရသော လှမြင့်…။
ပတေးမှာ အသံပင် မထွက်နိုင်ရှာတော့..။ငေးစိုက်ကြည့်နေရင်းမှပင် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားလေသည်။အနီးအနားတွင် လူများရှိနေခြင်းကြောင့်သာ ပတေးတစ်ယောက် တစ်ခါထဲ အသက်ပါမသွားခြင်းဖြစ်သည်။
ခြံဝမှ လှမ်းကြည့်နေသည့် လှမြင့်၏အကြည့်နှင့် ပုံစံက သူ့ဘ၀တလျောက်လုံး ပြန်တွေးတိုင်း သွေးပျက်ချောက်ချားစရာ ဖြစ်နေမည်မှာ မလွဲဧကန်ပင်…။

Credit to Lwin Pyin

No comments:
Post a Comment